
ဖက်ဒရယ်စနစ်သည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဆင့်အသီးသီးကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးသည့် အခြေခံဥပဒေဆိုင်ရာ အစီအမံတစ်ရပ် ဖြစ်ပါသည်။ တိုင်းပြည်၏ ပြည်နယ်/ဒေသခွဲများ (ဥပမာ - ပြည်နယ်၊ တိုင်း၊ စီရင်စု၊ ဒေသခွဲ(Länders) ဒေသစိတ်နယ်မြေ(Cantons) စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိသော နယ်နမိတ်ထင်ထင်ရှားရှား သတ်မှတ်ထားသည့် နယ်မြေ၊ဒေသများ)ကို အချို့သော မူဝါဒနယ်ပယ်များတွင် အတိုင်းအတာတစ်ခုထိ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်(သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေရန် အာမခံချက်ပေးခြင်းဖြစ်သည်။
ဖက်ဒရယ်စနစ်၏ အခြားသော အဓိကအစိတ်အပိုင်းတစ်ရပ်မှာ အတူတကွပူးပေါင်းအုပ်ချုပ်ခြင်းဖြစ်သည်။ အတူတကွပူးပေါင်းအုပ်ချုပ်ခြင်းဆိုသည်မှာ ပြည်နယ်/ဒေသခွဲများသည် ဖက်ဒရယ်အဆင့်၊ သို့မဟုတ် ဗဟို(ပြည်ထောင်စု)အဆင့်တွင် ဆုံးဖြတ်ချက်များချမှတ်ရာ၌လည်း ကိုယ်စားပြုခွင့်၊ ပါဝင်ခွင့်ရခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စု အများစုတွင် ထိုသို့ပူးပေါင်းအုပ်ချုပ်ခြင်းကို ဖက်ဒရယ်(ပြည်ထောင်စု) အဆင့်၌ ဥပဒေပြုလွှတ်တော်နှစ်ရပ်ထားရှိခြင်း ( ဥပဒေပြုလွှတ်တော်ကို လွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းထားခြင်း) ဖြင့် ဖော်ဆောင်လေ့ရှိကြပြီး ထိုလွှတ်တော်နှစ်ရပ်အနက် ပြည်သူ့ (အောက်)လွှတ်တော်က ပြည်သူများကို ကိုယ်စားပြုကာ အမျိုးသား (အထက်) လွှတ်တော်က ပြည်နယ်၊ဒေသများကို တစ်နည်း၊ တစ်ဖုံအားဖြင့် ကိုယ်စားပြုသည်။ ဖက်ဒရယ်ပြည်ထောင်စု အားလုံးနီးပါးတွင် ဥပဒေပြုလွှတ်တော်နှစ်ရပ်ရှိကြသော်လည်း အမျိုးသား (အထက်) လွှတ်တော်၏ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်တို့နှင့် ပတ်သက်၍ သိသိသာသာ ကွဲပြားမှုရှိရာ ဖက်ဒရယ်စနစ်တစ်ခုလုံး အတိုင်းအတာတွင် အမျိုးသား(အထက်)လွှတ်တော်၏ အခန်းကဏ္ဍမှာ မတူညီကြသည်ကို တွေ့နိုင်သည်။
အနာဂတ်ဖက်ဒရယ်စနစ်ပုံစံနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရာတွင် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးသော ပါဝင် ပတ်သက်သူများအနေနှင့် အတူတကွပူးပေါင်းအုပ်ချုပ်မှု ပေါ်ပေါက်စေရေးအတွက် အထက်လွှတ်တော်၏ ဖွဲ့စည်းပုံ၊ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ သဘောတူညီမှု ရရှိရန်လိုအပ်ပြီး ကွဲပြားခြားနားသော အခြေခံဥပဒေဒီဇိုင်းအမျိုးမျိုးကို ထည့်သွင်းစဉ်းစားထားရန် လိုအပ်သည်။ ဤစာတမ်းတွင် အဓိကထား ထည့်သွင်းစဉ်းစားရမည့် နည်းလမ်းများကို အလေးပေးဖော်ပြထားကာ ထိုမတူညီသော နည်းလမ်းအမျိုးမျိုးနှင့် ပတ်သက်ပြီး နှိုင်းယှဉ်လေ့လာဆန်းမှုအပေါ်အခြေခံထားသည့် ခြုံငုံသုံးသပ်ချက်တစ်ရပ်ကိုလည်း ဖော်ပြထားပါသည်။

Contents
နိဒါန်း
(၁) ဖက်ဒရယ်စနစ်များတွင် အထက်လွှတ်တော်ကို အဘယ်ကြောင့် လိုအပ်ရသနည်း။
(၂) ဖက်ဒရယ်ပြုခြင်းလုပ်ငန်းစဉ်အတွင်း အထက်လွှတ်တော်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်း
(၃) ဖက်ဒရယ်စနစ်များတွင် အထက်လွှတ်တော်များ၏ ဖွဲ့စည်းပုံ
(၄) အအထက်လွှတ်တော်များ၏ တာဝန်ဝတ္တရားများ
(၅) အငြင်းပွားမှု ဖြေရှင်းခြင်း လုပ်ထုံးလုပ်နည်းများ
(၆) ဖက်ဒရယ်နိုင်ငံများရှိ အထက်လွှတ်တော် နမူနာများ
ကိုးကားစာရင်း